ငါငယ်ရွယ်စဉ်
လွတ်လပ်ပေါ့ပါး
အကန့်သတ်မဲ့
အတွေးနယ်ချဲ့--
ကမ္ဘာကိုပတ်
မြေကိုလှပ်၍
ထက်အောက်ပြောင်းပြန်
လှန်ဖို့ရန်ကြံစည်စိတ်ကူးရှိခဲ့ဖူးသည်။
သက်ရွယ်ကြီးရင့်
ဉာဏ်ရည်မြင့်သော်
ငါ၏စိတ်တွင်
ဤသို့မြင်ခဲ့--
ကမ္ဘာတစ်ခွင်
ဒီမြေပြင်ဝယ်
ငါ၏စွမ်းရည်
အားနှင့်အင်သည်
ပြောင်းလဲခြင်းငှာမဖြစ်နိုင်ရာသည်။
သို့နှင့်--
ငါ၏စိတ်ကူး
အကြံထူးကို
တစ်မျိုးတစ်ဖုံ
ခြုံ့၍ဆိုသည်
ငါ၏နိုင်ငံပြောင်းဖို့ရန်သာ။
အလို--
နိုင်ငံတစ်ခု
ပြုပြင်မှုသည်
ငါနှင့်ငါသာ
မစပ်ရာဟု
ဆင်ခြင်အသိ ပြင်ဆင်မိ၏။
အချိန်တွေပြောင်း
ရွယ်လွန်ညောင်းသော်
ကြံမိကြံရာ
ငါနှင့်နီးရာ
မိသားစုသာလျှင်
ပြောင်းလဲတော့မည် စိတ်ကရည်သည်။
အမယ်မင်း--
မိသားစုရေး
စေ့ကာတွေးတော့
ဇနီးမယား
သမီးသားတို့
များလှဝန်တာ
ငါ့မှာသာလျှင်
ရှိသည်သာကြောင့်
ပြောင်းဖို့အာရုံ
မဖြစ်တုံရာသည်။
ဘဝနေဝင်ချိန်--
သေမင်းပါးစပ်
ခံတွင်းဝနှိုက်
အမှန်နှင့်မှား
ခွဲခြားသိမြင်
အာရုံထင်သည်က--
ငါနှင့်ငါသာ
နှိုင်းခဲ့ပါမူ
ငါ့ကိုပြောင်းလဲ
ပထမပဲတဲ့
ယင်းမှနောက်တွင်
မိသားစုနှင့်မြို့ပြ
နိုင်ငံနှင့်ကမ္ဘာ
အဖြာဖြာတွင်
တင့်တယ်ပွဲလယ်
ရှိမည်မလွဲ
ဧကန်ပဲဟု
နောက်ဆုံးနှုတ်ဆက်
အိပ်ယာထက်နှိုက်
လူငယ်အများ
အယူမမှားဖို့
မျှဝေတွေ့ကြုံ
ရကြစေကုန်လော့။ ။
Anglican Bipshop ၏ Inside Out ကိုမှီငြမ်းပြန်ဆိုပါသည်။
Monday, March 29, 2010
အမှန်ကိုမြင်ခြင်း
Posted by Gravity at 11:30 PM
Labels Translated Poem
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment